သတင်းများ
သတင်းများ
နည်းပညာအလုပ်တွေကို လုပ်ချင်ပေမယ့် ကုဒ်ရေးရတဲ့အပိုင်းမှာ သိပ်ဝါသနာမပါဘူး အားမသန်ဘူးဖြစ်နေဆိုရင်..
နည်းပညာအလုပ်ဆိုတာ ကုဒ်တွေရေးရတဲ့ Programmer, Developer, Software Engineer အလုပ်တွေတင် ရှိတာမဟုတ်ဘူးဆိုတာကို သတိပြုပါ။
ကုဒ်တွေချည်း ထိုင်ရေးနေယုံနဲ့လည်း Software တစ်ခု မဖြစ်ပါဘူး။ Data တွေ Design တွေ Management တွေ လိုပါသေးတယ်။ ရေးပြီးရင်လည်း ဒီတိုင်းထားလို့ မရပါဘူး၊ လူတွေလက်ထဲ ရောက်ဖို့အတွက် Distribution တွေ Marketing တွေ Support တွေက လိုကြပါသေးတယ်။
ဒါကြောင့် နည်းပညာအလုပ်တွေကို လုပ်ချင်ပေမယ့် ကုဒ်ရေးတဲ့အပိုင်း သိပ်မလုပ်ချင်ဘူး ဖြစ်နေရင်လည်း ရွေးချယ်စရာတွေ ဆက်စပ်အလုပ်တွေ အများကြီးရှိနေပါတယ်။
အနီးစပ်ဆုံးကတော့ Quality Assurance (QA) ပိုင်း ဖြစ်လိမ့်မယ်။ Software တွေကို စမ်းပေးရတဲ့အလုပ်လို့ အလွယ်ပြောနိုင်ပေမယ့် ဒီထက်အများကြီးပိုပါတယ်။ Test Automation ကုဒ်တွေ၊ Configuration တွေ ရေးဖို့လိုနိုင်ပေမယ့် Full-Time Coding တော့ မဟုတ်တော့ဘူးပေါ့။ Test Methodology တွေ သိဖို့လိုတယ်၊ Testing Tool တွေ ကျွမ်းကျင်ဖို့လိုတယ်၊ Domain Knowledge တွေ ရှိဖို့လိုတယ်၊ Communication Skill တွေ ကောင်းဖို့လိုပါတယ်။
နောက်ထပ် နီးစပ်တာကတော့ Design ပိုင်းပါ။ User Interface နဲ့ User Experience (UI/UX) Design လို့ ဆိုရပါမယ်။ ပင်ကိုယ်ဒီဇိုင်းအမြင်ရှိတယ်၊ အသေးစိတ်ကအစ စိတ်ရှည်ရှည်နဲ့ အနုစိတ် ရေးဆွဲ ဖန်တီးရတာမျိုးကို နှစ်သက်တယ်။ ဒီဇိုင်းရော နည်းပညာရော နှစ်ခုလုံးကို စိတ်ဝင်စားတယ်။ Tech Product တွေ Software တွေမှာ နှစ်လိုအသုံးပြုချင်စဖွယ် Interface တွေကိုတွေ့မြင်ရတာ ကြိုက်တယ်၊ ကိုယ်လည်းအဲ့ဒါမျိုးလေးတွေ ဒီဇိုင်းလုပ်ချင်တယ်ဆိုရင် ရွေးချယ်နိုင်ပါတယ်။
ဒီမှာက QA တို့ ဒီဇိုင်းတို့ဆိုတာ ကုဒ်ရေးတဲ့အပိုင်း သိပ်မရရင် လုပ်ရတယ်ဆိုတဲ့ မှားယွင်းတဲ့အမြင်တွေ ရှိကြတယ်။ ပိုလွယ်တဲ့ အလုပ်တွေတော့ မဟုတ်ကြပါဘူး။ တန်းတူအရေးပါပြီး ထိုက်သင့်တဲ့ ကျွမ်းကျင်မှုတွေ ရှိဖို့လိုတဲ့ အလုပ်တွေချည်းပါပဲ။ ဒါကြောင့် ပိုလွယ်တဲ့အလုပ်တွေလို့ သဘောထားရမှာ မဟုတ်ဘဲ၊ ကိုယ့်အကြိုက် ကိုယ့်ဝါသနာနဲ့ ပိုလိုက်ဖက်ရာကို ရွေးချယ်နိုင်တဲ့အလုပ်တွေလို့ သဘောထားရမှာပါ။
နောက်ထပ် ဆက်စပ်တဲ့အလုပ်က Data ပိုင်း ဖြစ်လိမ့်မယ်။ Data တွေ Collect လုပ်ပြီး Analyze လုပ်ရတဲ့ အလုပ်မျိုးတွေပါ။ သူလည်းပဲ ကုဒ်တချို့ရေးဖို့လိုနိုင်ပြီး Data Visualization နဲ့ Data Reporting ပိုင်း သီအိုရီတွေ နည်းပညာတွေကို ကျွမ်းကျင်ဖို့ လိုအပ်ပါလိမ့်မယ်။ Database နည်းပညာတွေကို ကျွမ်းကျင်ပြီး Data Model တွေ ထုတ်ပေးရပါလိမ့်မယ်။ ခက်ခဲတဲ့အလုပ်တမျိုးပါပဲ၊ ဒါပေမယ့် တချို့က ဒီလိုအလုပ်မျိုးမှာ ပိုအားသန်တာတွေ ရှိကြတယ်။
တခြား ဆက်စပ်အလုပ်တွေအနေနဲ့ နည်းပညာနားလည်ပြီး စာအရေးအသားကောင်းသူအတွက် Tech Writer (Documentation, Knowledge Base) လို အလုပ်မျိုးတွေရှိမယ်၊ Team နဲ့ Admin ပိုင်းမှာ SCRUM Master တို့ Developer Relation တို့လို Developer နဲ့ Management ကို ချိတ်ဆက်ပေးရတဲ့ အလုပ်မျိုးတွေရှိတယ်။ အဲ့ဒီလိုပဲ နည်းပညာနားလည်ပြီး Management နဲ့ Leadership ပိုင်း အထူးပြု ကျွမ်းကျင်သူတွေအတွက် Project Manager လို အလုပ်မျိုးတွေ ရှိပါလိမ့်မယ်။
Content တွေကို ကိုင်တွယ်ပေးရတဲ့ SEO/Web Master လို အလုပ်မျိုးတွေလည်းရှိတယ်။ Digital Marketing လို အလုပ်မျိုးတွေကလည်း နည်းပညာကို ကိုင်တွယ်အသုံးချပြီး လုပ်ရတဲ့ အလုပ်တွေပါပဲ။ တချို့ အဖွဲ့အစည်းတွေနဲ့ တစ်ချို့ Software Product တွေက Scope အရမ်းကြီးပြီး တော်ယုံလူ နားလည်ဖို့ မလွယ်တာတွေ ရှိကြတယ်။ ဒီလို အဖွဲ့အစည်းတွေ Software Product တွေကို နားလည်ရင် Consultant အလုပ်မျိုးတွေ လုပ်လို့ရတယ်။ အခြေခံကျတဲ့ Sale Consultent ကနေစပြီး Decision Making ပိုင်း Strategy ပိုင်း Consultent တွေထိ Level အမျိုးမျိုးရှိနိုင်တယ်။
ဒီထဲမှာ အထွေထွေ IT ပိုင်းတွေ၊ Hardware, Network နဲ့ Server ပိုင်းတွေ ထည့်ပြောမထားသေးပါဘူး။ လုပ်လို့ရနိုင်တဲ့ နည်းပညာဆက်စပ်အလုပ်တွေမှ အများကြီး ရှိနေပါတယ်။ ဒေသပေါ်မူတည်ပြီး အခွင့်အလမ်းတွေကတော့ ကွာသွားမှာပေါ့။ ခိုင်မာတဲ့ Industry နဲ့ ကျယ်ပြန့်တဲ့ Ecosystem ရှိနေတဲ့ အရပ်ဒေသတွေမှာ အလုပ်အမျိုးအစားရော အလုပ်အခွင့်အလမ်းရော ပိုများပြီး၊ Industry နဲ့ Ecosystem အားနည်းနေသေးတဲ့ အရပ်ဒေသတွေမှာတော့ အကန့်အသတ်ရှိသွားတာပါပဲ။
အရပ်ဒေသ အနေအထား၊ Supply/Demand အနေအထားတွေအရ ဒီကလူတွေ၊ ကိုယ်နဲ့နီးစပ်သူတွေကို Programmer အလုပ်၊ Developer အလုပ်တွေမှာ ပိုအားပေးပေမယ့်၊ တခြားရွေးချယ်စရာတွေလည်း ရှိသေးတယ်ဆိုတာကို သတိပြုနိုင်ဖို့ပါ။
စာရေးသူ - ဆရာကိုအိမောင်
၂၅.၁၁.၂၀၂၄
WordPress ဆိုတာဘာလဲ။
WordPress ဆိုတာကတော့ CMS တစ်ခုဖြစ်ပါတယ်။ CMS ဆိုတာကတော့ Content Management System လို့ခေါ်ပြီး Blog Website တွေ သတင်း Website တွေကို အလွယ်တကူလုပ်လို့ရမယ့် System မျိုးကို ပြောချင်တာပါ။
ဒါပေမယ့် WordPress က Open Source Software ဖြစ်ပြီး ဘယ်သူမဆို WordPress ရယ့် Frame ကိုပြင်သုံးခွင့်ရှိပါတယ်။ Open Source မဟုတ်တဲ့ CMS တွေ ဥပမာ Wix, Weebly တို့ဆိုရင်ဘယ်သူမှ စိတ်ကြိုက်ပြင်ခွင့်မရှိသလို သူတို့ သုံးခွင့်ပြုထားတဲ့ အပိုင်းလေးတစ်ခုချည်းဆီကို ပဲသုံးလို့ရပါတယ်။
အဲ့လိုမျိုး WordPress က Open Source ဖြစ်တဲ့အတွက်ပဲ Developer တွေက သူ့ထဲမှာသုံးလို့ရမယ့် Plugin အသစ် (Feature အသစ်တွေ) ဖန်တီးလာကြတယ်၊ Theme အသစ်တွေကိုဖန်တီးလာကြပါတယ်။ အကျိုးဆက်အနေနဲ့ Woocommerce လို Plugin မျိုးနဲ့ E-commerce Wesbite တွေလုပ်လာနိုင်တယ်၊ LearnPress တို့လို့ PlugIn မျိုးနဲ့ E-learning Site တွေလုပ်လာကြပါတယ်။ ဒါပဲလားဆိုတော့ အခုနောက်ပိုင်းဆို Crypto/ NFT သမားတွေသိလောက်မယ့် Open Sea လို Website မျိုးပါ WordPress နဲ့လုပ်လို့ရလာပါပြီ။
အဲ့လိုမျိုး WordPress ရယ့်သုံးလို့ရမယ့် နေရာတွေက လွယ်လွယ်ကူကူနဲ့ နေရာစုံသုံးလို့ရလာတာရယ်၊ ကိုယ်တိုင် Coding ရေးတတ်သူတွေအတွက်လည်း ကိုယ့်စိတ်ကြိုက် MVC Framework အနေနဲ့သုံးနိုင်တာတွေကြောင့် WordPress က အခုဆိုတမ္ဘာလုံးမှာရှိတဲ့ Website တွေအားလုံးရယ့် ၄၃% က WordPress ကိုသုံးလာကြပါတယ်။
အခုဆိုရင် WordPress ဆိုဘာလဲဆိုတာ သိပြီ၊ ဘာကြောင့် WordPress ကတစ်နေ့တခြားအောင်မြင်ပြီး လူသုံးများလာရတာလဲဆိုတာလည်းသိပြီဆိုတော့ WordPress ကို တီးခေါက်ချင်တဲ့သူတွေအတွက် WordPress နဲ့ Website တစ်ခုကို အစ အဆုံးလုပ်နည်း Video ရယ်၊ Website တစ်ခုလုပ်ဖို့ပိုက်ဆံဘယ်လောက်ကုန်မလဲ ဆိုတဲ့မေးခွန်းတွေအတွက် Video လေးတွေချပေးထားပါတယ်။
စာရေးသူ - LayLine Sayar
၂၈.၅.၂၀၂၂